Thursday, June 13, 2013


မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် အရေးပေါ် အခြေအနေမျိုး ထပ်မံဖြစ်ပွားလာလျှင် ရုပ်သံဖြင့် တိုက်ရိုက်ကြည့်ရှုပြီး ညွှန်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မိုဘိုင်းဖုန်း ဟန်းဆက်များတွင် သုံးသည့် Tango နှင့် Skype Software နည်းပညာများ အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ရုံးများမှ ကွန်ပျူတာနှင့် အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုတတ်သော ဒုရဲအုပ်(သို့) အရာခံ (သို့) တပ်ကြပ်ကြီးအဆင့်ရှိ ရဲဝန်ထမ်းများအား အဆိုပါ နည်းပညာ အသုံးပြုတတ်စေရန် ရဲချုပ်ရုံးတွင် ရက်တိုသင်တန်း ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများကိုလည်း ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ “Tango, Skype သုံးတော့ အခင်းဖြစ်ရပ်တွေ၊ အခြေအနေတွေကို တိုက်ရိုက်မြင်တွေ့နိုင်ပြီး တိုက်ရိုက် ညွှန်ကြားနိုင်တာပေါ့။ အခင်းဖြစ်ရပ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ အနေနဲ့လည်း အချိန်နဲ့တစ်ပြေးညီ ထိန်းသိမ်းဆောင်ရွက်နိုင်တာပေါ့” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောကြားခဲ့သည်။ ဖြစ်ပွားခဲ့သည့် အရေးပေါ် ဖြစ်ရပ်များတွင် ရဲတပ်ဖွဲ့၏ ထိန်းသိမ်း ဆောင်ရွက်မှုများ အားနည်းကြောင်း ထောက်ပြဝေဖန် ပြောဆိုမှုများရှိခဲ့ရာ ရဲတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အဆင့်မြင့် နည်းပညာများ သုံးစွဲရန် စီစဉ်လာခြင်း ဖြစ်နိုင်ကြောင်း နည်းပညာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အရည်အသွေး မြှင့်တင်ပေးရန် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံကြီး တချို့ကလည်း အကူအညီ ပေးလိုနေသည်။ ယခုအသုံးပြုမည်ဟုဆိုသော Software များသည် အင်တာနက် ချိတ်ဆက်ထားသော Android OS သုံး အလယ်အလတ်စား ဟန်းဆက်များနှင့် Tablet များတွင် အလွယ်တကူ တည့်သွင်း အသုံးပြုနိုင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref & Credit to 7 Days News

0 comments :

Post a Comment

Comment